မေမေချစ်သောသားကြီးကိုဥဂ္ဂါ
(အများအကျိုးဆောင်၊ကိုယ့်အကျိုးအောင်-ဆိုပေမဲ့-ကိုယ့်အကျိုးအောင်-ချင်တာနဲ့တော့ အများအကျိုးမဆောင် ပါနဲ့) ဆိုတဲ့ သားကြီး ရေးခိုင်း အတိုင်းမေမေ ရေးဘို့ စဉ်းစားနေခဲ့ပါတယ် သားကြီးရေ…။ မေမေရောက်နေတဲ့ရောမမြို့ ဟာအရင်က မေမေနေခဲ့တဲ့တောင်ပေါ်မြို့လေးနဲ့ခြားနားစွာ ပူနွေးစွတ်စို လှပါတယ်..။
ပင်လယ်နဲ့နီးတဲ့အပြင် ဥရောပရဲ့ နွေရာသီကိုရောက်ခဲ့ပြီမို့ နွေးထွေးလာပါတယ်၊သည်နေ့တော့ ထူးခြားစွာ လေရောမိုးပါ ပြင်းထန်နေ ခဲ့တယ်။အိမ်တွင်းအောင်းရင်း သားပြောတဲ့ ခေါင်းစဉ်ကိုစဉ်းစားတော့ မေမေ့ခေါင်းထဲကို (အရီးတောင်းကြက် ခြေနီလဘက် သုပ်) ပေါ်လာခဲ့ပါတယ်သားရေ..။ မိုးအေးအေးနဲ့ ချဉ်ချဉ်စပ်စပ် လဘက်သုပ်ကလေး ကို စားချင်လာတာလည်း ပါတာပေါ့ လေ။ စေတနာ ဆိုတာ ဆန်းကြယ် တတ်လို့ပါ။
မေမေတို့မြန်မာ ပြည်မှာ လက်မလည်အောင်ရောင်းရတဲ့ အရီးတောင်းကြက်ခြေနီ လဘက်သုပ်ဟာ ရောင်းကောင်းအောင်ဆိုပြီး ကြိုတင်ကြံစည်စိတ်နဲ့ ဖေါ်စပ်တီထွင်ခဲ့တာမဟုတ်ပါဘူးသားရေ။
မန္တလေးမြို့ရဲ့ ဆေးရုံတစ်ခုအတွင်း လုပ်အားပေးကြတဲ့ ကြက်ခြေနီလူငယ်လေးတွေကို အရီးတောင်းလဘက်ဆိုင်က လဘက်သုပ် ဧည့်ခံကျွေးမွေး မယ် စီစဉ်ပါတယ်သား။
အခုလိုမိုးအေးအေး ရာသီဥတုအချိန်လေးဖြစ်နေတော့ ခံတွင်းလိုက်သွားအောင် ငရုတ်သီးစိမ်းလေးလည်းထည့်အုံးမှ၊ အချဉ်လေးလည်း ကဲဦးမှ ၊ရေနွေးပူလေးနဲ့လည်း လိုက်ဖက်အောင်ဆိုပြီး စေတနာကဲကဲလေး သုပ်ပေးလိုက်ပါတယ်တဲ့။
တကယ်လည်း အစပ်အဟပ်တည့်ခဲ့တော့ လုပ်အားပေးတဲ့ကြက်ခြေနီ မောင်မယ်လေး တွေ စားလိုက်ကြတာ။ ရေနွေးတစ်ရှုးရှုး သောက်ရင်း အမောအပန်းတွေလည်းပြေခဲ့ပါတယ်။
နောက်တစ်နေ့ကျတော့ဆိုင်ကို လာမေးကြတော့တာပဲ ဟိုတစ်နေ့ကလို အသုပ်မျိုး မရှိဘူးလား။ မရှိဘူးလား။ လာမေးကြတဲ့လူတွေများ လွန်းတာနဲ့ တင်ရောင်းလိုက်တာ ဈေးကွက်ဝင်ရောင်းပန်းလှ ပစ္စည်း ဖြစ်ခဲ့ပါတယ်။
အဲဒီအကြောင်းလေးကိုမေမေ ကမဂ္ဂဇင်းတစ်ခုထဲမှာဖတ်ဘူးခဲ့တယ်သား။ မေမေတို့တွေ ဟာ အကျိုးပြုလုပ်ငန်း၊ Volunteer၊စေတနာ ဝန်ထမ်း ဘယ်လိုခေါင်းစဉ်တပ်တပ်…စတင်ဆောင်ရွက်ကတည်းက ဘယ်သူ့ကိုလုပ် ပေးမှာလဲ..။ မစခင်ကတည်းက စေတနာနဲ့စတင် ကြရပါမယ်သားရေ။ ကိုယ်ဆောင်ရွက် ပေးရမဲ့လူ နေရာ ကနေ ခံစားနားလည်မှုအပြည့်ရှိရမှာပေါ့။
အဲဒါကို ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီးကသင်ပေးဘူးပါတယ်။ ဘာပဲလုပ်လုပ် နှလုံးသား ကိုထပ် တူပြုထားပါတဲ့။သူ့ခံစားမှုသည် ကိုယ့်ခံစားမှု၊ သူ့နောင်ရေးသည်ကိုယ့်နောင်ရေး၊သူ့ နှလုံးသားသည် ကိုယ့်နှလုံးသား၊ ထပ်တူပြုထားပါတဲ့။
ရေတစ်ခွက်တိုက်တာတောင် မောလာရှာသူရဲ့ ရေငတ်နေသောနှလုံးသား ကို ခံစားထပ်တူပြုပြီး အေးအေးသန့်သန့်ရေလေးကို တိုက်တတ်ရပါမယ်သား။ သူအမောပြေသွားတာ၊ ရွှင်လန်းတာကို ကြည့်ပြီး ဝမ်းသာလိုက်တာနဲ့ ကိုယ့်နှလုံးအိမ်မှာ စေတနာသတ္တိဟာကိန်းတော့ တာပါပဲ။
အာရုံပုံရိပ်တွေဆိုတာ နှလုံးအိမ်မှာ ခွေဖမ်းသလို သတ္တိကိန်းတတ်တဲ့ သဘောရှိတာကိုး။သည်တော့ တူသောအကျိုးပေးတွေ က ဖမ်းထားတဲ့အခွေပြန်ဖွင့်သလို အသံပြန်ထွက်တာပေါ့သား။ သီချင်းသံဆို သီချင်းသံ။တရားသံဖမ်းခဲ့ရင် တရားသံ၊ဆဲသံဆိုသံဆို ဆဲဆိုသံပဲပြန် ထွက်တတ်တာ သဘာဝပါပဲ။
စစ်မှန်တဲ့ စေတနာဖြစ်ဘို့ဆိုတာက သူ့အတွက် စဉ်းစားပေးရပါမယ်သားရေ။ ကိုယ့်အတွက်ဘယ်လောက် ကျန်မလဲ၊ဘာတွေပြန်ရမှာလဲ စတွေးပြီ ဆိုကတည်းက ဖြောင့်စင်းတဲ့စေတနာ ဘယ်ဖြစ်နိုင်ပါတော့မလဲ။ စေတနာမဖြောင့်ရင် အကျိုးပေးလည်းမဖြောင့်စင်းတော့ဘူးလေ။ကိုယ် သွင်းတဲ့အတိုင်းအသံပြန်ထွက်တာ ပါပဲ။
တရားတော်တွေဆိုတာက သစ္စာတရား။အမှန်တရား၊ တစ်ခွန်းလိမ်တာပါသွားရင် တရားမတက်တော့ ဘူး။ဆက် အားထုတ်လို့မရတော့ဘူး။စေတနာ ဖြောင့်စင်းဘို့အရေးကြီးတာကို ကျေးဇူးတော်ရှင် ဆရာတော် ဦးဇောတိက ကမိန့်ကြားဘူးပါတယ်သား။
ဘာပဲဖြစ်ဖြစ် သားသားတို့မှတ်ရလွယ်တဲ့ ကြက်ခြေနီသုပ်ဖော်မျူလာကို မှတ်မိကျင့်သုံးနေရင်မေမေ ဝမ်းသာနေ မှာအမှန်ပါပဲသားကြီးရေ../
(ဤစာစုဖြင့်–အများအကျိုးပြုလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ရန်ကယားပြည်နယ်သို့ရောက်ရှိနေသော—-သားကြီးကိုဥဂ္ဂါ ကိုဂုဏ်ပြုအပ် ပါတယ်။ )
ချစ်သောမေမေ—သစ္စာအလင်း







